ခုခေတ်ကာလမှာ နေရာတိုင်းမှာ Copper Cabling ခေါ်တဲ့ Network Cabling က နေရာတိုင်းလိုလိုမှာ တွေ့လာနေရပါပြီ။ အလားတူ ယခင်က တသီးတခြားစီ ရပ်တည်ခဲ့ကြတဲ့ စနစ်များဟာလည်း ပြေးဆွဲတဲ့ ကြိုးစနစ်တစ်ခုတည်းကို ဝေမျှ အသုံးပြုခြင်းအားဖြင့် လုပ်ငန်းလုပ်ဆောင်နိုင်မှု ပိုမို ကောင်းမွန် စိတ်ချရခြင်း၊ ပြင်ဆင်ထိန်းသိမ်းရတဲ့ နေရာမှာ လွယ်ကူ ရိုးစင်းခြင်း၊ တပ်ဆင်ရမှု ကုန်ကျစရိတ် စနစ်များ အချင်းချင်း မျှဝေကျခံရတာဖြစ်တဲ့အတွက် ကုန်ကျစရိတ် သက်သာစေခြင်း စတဲ့ များပြားလှတဲ့ အကျိုးကျေးဇူးများစွာတို့ ရရှိခံစားရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ယခင်က တယ်လီဖုန်းစနစ်ဆိုရင် ကြိုးတစ်ချောင်းကို ၂ မျှင်တည်းပါတဲ့ တယ်လီဖုန်းကြိုးကို အသုံးပြုရာကနေ ခုဆိုရင် IP Based PABX စနစ်ကို ပြောင်းလဲ အသုံးပြုလာတာမို့ အခြား IP Network တွေနဲ့ အတူတူ ပြေးဆွဲတဲ့ ကြိုးကို စနစ်တစ်ခုတည်း နည်းပညာတစ်ခုတည်း ပြေးဆွဲ အသုံးပြုနိုင်လာပြီ ဖြစ်ပါတယ်။ ယခုအခါမှာ နောက်ဆုံး IP Network ပေါ်ကို ထပ်မံ ပူးပေါင်းဖို့ ရောက်ရှိလာတဲ့ နည်းပညာကတော့ အရုပ်အသံ သယ်ယူပို့ဆောင်တဲ့ စနစ် (Audio &Visual) ပဲ ဖြစ်ပါတယ်။

ရုပ်သံနည်းပညာ စနစ်ဟာ အခြား စနစ်များနဲ့ မတူဘဲ အတော်လေး တသီးတသန့်ဆန်တဲ့ နည်းပညာ တစ်ခုလို့ ဆိုနိုင်ပါတယ်။ ပေးပို့တဲ့ အချက်ပြများရဲ့ မတူတဲ့ Decode-Encode လုပ်တဲ့ နည်းပညာတွေ၊ ပေးပို့တဲ့ စနစ်တွေ များပြားလွန်းလှတာကြောင့်လည်း ပြေးဆွဲရတဲ့ ကြိုးစနစ်တွေဟာ အင်မတန် များပြား ရှုပ်ထွေးပါတယ်။ ထိုနည်းတူ မတူတဲ့ ကြိုးပေါင်းများစွာရဲ့ မတူတဲ့ အရှည်ကန့်သတ်ချက်တွေကလည်း ရှိနေပြန်ပါတယ်။ အချို့ ကြိုးအမျိုးအစားတွေက ၅ မီတာထက် ပိုရှည်ရင် အချက်ပြ ပေးပို့မှု အားနည်းချက် ဖြစ်နိုင်တာ ရှိသလို အချို့ ကြိုးအမျိုးအစားတွေကလည်း ၁၀ မီတာ၊ မီတာ ၂၀ အစရှိသည်ဖြင့် မတူတဲ့ အကန့်အသတ်တွေ ရှိတာမို့ နည်းပညာစနစ်များ တိုးချဲ့ချဲ့ထွင်ရာမှာ အဟန့်အတား ကြီးကြီးမားမား ရှိနေခဲ့တာ အမှန်ပါ။ ဖျော်ဖြေရေးမှာ အဓိက အသုံးပြုတဲ့ ရုပ်သံ ဖြန့်ဝေပေးပို့မှုအတွက် အသုံးပြုရတဲ့ အချို့သော ကြိုးများ ဆိုရင်လည်း စနစ်လိုအပ်ချက်များအရ Multi-core Snake Cable လိုမျိုး လေးလံ ကြီးမားတဲ့ ကြိုးအမျိုးအစားတွေကို အစဉ်အဆက် အသုံးပြုခဲ့ကြရပါတယ်။ 

ဒါတွေကို ဖြေရှင်းနိုင်ဖို့ Audinate က မိတ်ဆက်လိုက်တဲ့ နည်းပညာကတော့ Dante ဖြစ်ပါတယ်။ Dante ဟာ ရုပ်သံ နည်းပညာသုံး အချက်အလက်ပေးပို့တဲ့ စနစ်ကို လုံးလုံးလျားလျား ပြောင်းလဲပေးလိုက်တဲ့ နည်းပညာ တစ်ခုလို့ ဆိုနိုင်ပါတယ်။ အလွယ်ပြောရရင် ရုပ်သံနည်းပညာသုံး မည်သည့် ပစ္စည်းအချင်းချင်း မဆို တစ်ခုနဲ့ တစ်ခု ဆက်သွယ်ရာမှာ Dante နည်းပညာကို အသုံးပြုပြီး နေရာတိုင်းတွေ့နေရမြဲလို ဖြစ်နေတဲ့ IP Based Network ကို အသုံးပြုပြီး ဆက်သွယ်ပေးနိုင်တဲ့ နည်းပညာ တစ်ခု ဖြစ်ပါတယ်။ အယင် မတူတဲ့ ကြိုးအမျိုးအစားပေါင်း မြောက်မြားစွာထဲက ဘယ်နည်းပညာအတွက် ဘယ် format အချက်ပြအတွက် ဘာကြိုး အသုံးပြု ပြေးဆွဲ တပ်ဆင်ရမယ်ဆိုတာတွေကို အားလုံးမေ့ပစ်လိုက်လို့ ရပါပြီ။

Dante ရဲ့ အားသာချက် တစ်ခုက ပြေးဆွဲတဲ့ ကြိုးကို Copper တမျိုးတည်း အသုံးချတာတင် မကဘဲ Device တစ်ခုနဲ့ တစ်ခုနဲ့ ချိတ်ဆက်မှုကို Dante Program ပေါ်ကနေ Node လေးတွေကို Tick လုပ်ပေးရုံနဲ့ပဲ Connect/ Disconnect လုပ်ပေးနိုင်တာပါ။ ယခင်က Audio Visual Digital Signal Processing Language တစ်ခုခုနဲ့ နာရီပေါင်းများစွာ လေ့ကျင့်သင်ကြားထားသူမှသာ လုပ်နိုင်တဲ့ Signal Flow Process လုပ်တဲ့ အလုပ်ကို အလွန်တရာ အလွယ်တကူ ရှင်းလင်းစွာ လုပ်နိုင်အောင် လုပ်ပေးထားတာပါ။ 

Dante ရဲ့ ရိုးစင်းလွယ်ကူလှတဲ့ နည်းပညာအဆင့်မြင့် ရိုးစင်း လွယ်ကူမှုကြောင့် ရုပ်သံထုတ်ကုန်ပစ္စည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ အများအပြားကလည်း သူတို့ရဲ့ ထုတ်ကုန်တွေမှာ Dante Enable Module တွေ ထည့်သွင်း တပ်ဆင်လာကြပါပြီ။

နောက်တစ်ခါ ရုပ်သံပစ္စည်း တစ်ခုခု ဝယ်ယူတဲ့ အခါ Dante တံဆိပ်လေး ပါတယ် မပါဘူး ကြည့်ကြည့်ကြရအောင်ပါ

Leave a Reply

Your email address will not be published. Required fields are marked *