ကူးစက်ရောဂါတွေကြောင့် ပြင်ပ ရုပ်ရှင်ရုံတွေ ပိတ်ထားရတာကြောင့် အိမ်မှာပဲ အချိန်အများစု နေထိုင်နေရတဲ့ အချိန်မျိုးမှာ ရုပ်ရှင်ဇာတ်လမ်းလေး မိသားစုနဲ့ အသိမိတ်ဆွေတွေနဲ့ အတူ ကြည့်ရှုဖို့ တည်ဆောက်တဲ့အခါ အဆင်ပြေ ချောမွေ့စေဖို့ အတွက် ဒီ ၁၀ ချက်ကိုတော့ အနည်းဆုံး ထည့်သွင်းစဉ်းစားသင့်ပါတယ်။

(၁) အခန်းရဲ့ အကျယ် 

အခန်းအကျယ်ပေါ်မူတည်ပြီး တပ်ဆင်မဲ့ စနစ် ရွေးချယ်မှု ကွာခြားသွားနိုင်ပါတယ်။ အပြင်ပက အလင်း တိုက်ရိုက် ဝင်ရောက်နိုင်တဲ့ အခန်းမျိုးကို ရှောင်နိုင်တာ အကောင်းဆုံးလို့ ဆိုရပါမယ်။ အကောင်းဆုံး ရွေးချယ်မှု အားဖြင့် မြေအောက်ထပ်လို အခန်းမျိုးကို ရွေးချယ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ နေရာင်ခြည်တိုက်ရိုက် ဝင်ရောက်နိုင်မှုဟာ Projector (ဒါမှမဟုတ်) TV ရဲ့ အလင်းထုတ်နိုင်မှုကို အနှောင့်အယှက် ပေးနိုင်လို့ပါပဲ။ တွဲစပ် သုံးစွဲမဲ့ အသံစနစ်ရဲ့ အရည်အသွေးအတွက်လည်း အခန်းရဲ့ အကျယ်က ထိရောက်တဲ့ အကျိုး အပြစ် ပေးနိုင်တာ ရှိပါတယ်။ 

(၂) မျက်နှာကျက် အမြင့် 

မျက်နှာကျက်ရဲ့ အမြင့်အပေါ် မူတည်ပြီး တပ်ဆင်မဲ့ Projector ဒါမှမဟုတ် TV နဲ့ တပ်ဆင်မဲ့ စပီကာတို့ရဲ့ တည်နေရာ စတာတွေကို ဆုံးဖြတ်ရွေးချယ်ရမှာ ဖြစ်ပါတယ်။ မျက်နှာကျက်မြင့်မြင့်ရှိတဲ့ အခန်းကို ရွေးချယ်နိုင်ရင် ပိုပြီး သင့်တော်ပါတယ်။

(၃) အသံထိန်းစနစ် 

အခန်းရဲ့ နံရံအမျိုးအစားကို လိုက်ပြီး အသံပြန်တာကို ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ အသံအရည်အသွေးကောင်းမွန်တဲ့ ရုပ်ရှင် ဇာတ်ကားတွေကို အပြည့်အဝ ခံစားနိုင်ဖို့အတွက် အခန်းတွင်း အသံပဲ့တင်ထပ်မနေစေဖို့ လိုအပ်သလို၊ အခန်းတွင်းက အသံ အပြင်ထွက်တာ၊ အပြင်က အသံ အထဲဝင်တာ စာတာတွေ နည်းနိုင်သမျှ နည်းပါးစေအောင် လုပ်ဆောင်ဖို့ လိုပါတယ်။ မျက်နှာကြက်နဲ့ နံရံကို Soundproof material တွေ အသုံးပြုသင့်ပြီး ကြမ်းပြင်ကိုလည်း အသံ တန်ပြန်မှု နည်းစေဖို့ ကော်ဇော ခင်းဖို့ လိုပါတယ်။ 

(၄) ပရိုဂျက်တာနဲ့ စကရင် အကွာအဝေး

စကရင်နဲ့ ပရိုဂျက်တာ (သို့မဟုတ်) တီဗီရဲ့ အကွာအဝေးဟာ သင့်တင့်လျောက်ပတ်တဲ့ အကွာအဝေးရှိမှသာ ကြည့်ရှုသူရဲ့ မျက်လုံးကို အဆင်ပြေပြေ ကြည့်ရှုစေနိုင်မှာ ဖြစ်ပါတယ်။ အရမ်းနီးရင် စကရင်ပေါ်က ပုံတွေကို အလွန်အမင်း ချဲ့ထားသလို မြင်ရနိုင်ပြီး အရမ်းဝေးပြန်ရင်လည်း မျက်လုံး အားစိုက်ရမှု ပိုပင်ပန်းစေမှာ ဖြစ်ပါတယ်။ အလွယ်ဆုံးတွက်နည်းကတော့ တပ်ဆင်မဲ့ တီဗီ (ဒါမှမဟုတ်) ပရိုဂျက်တာ စကရင်ရဲ့ ထောင့်ဖြတ်အတိုင်းအတာကို တစ်ဆခွဲ (ဒါမှမဟုတ်) နှစ်ဆ အကွာအဝေး ရှိတဲ့ နေရာကနေ ကြည့်ရှုသင့်ပါတယ်။ ၄၈ လက်မရှိတဲ့ တီဗီတပ်ထားတဲ့ အခန်းအတွက် အကောင်းဆုံး ရုပ်ထွက် ကြည့်ရှုနိုင်တဲ့ အကွာအဝေးက ၉၆ လက်မ (၈ပေ) အကွာအဝေး ဖြစ်ပါတယ်။ 

(၅) သက်တောင့်သက်သာ ဖြစ်စေမဲ့ ထိုင်ခုံ အနေအထား 

အနားယူ အပန်းဖြေတဲ့ အခန်းဖြစ်တာနဲ့ အားလျော်စွာ ထိုင်လျက် ကြည့်ရှုဖို့အတွက် သက်တောင့်သက်သာ ဖြစ်တဲ့ ထိုင်ခုံ အမျိုးအစား ရွေးချယ်ဖို့ လိုပါတယ်။ လက်နဲ့ ချိန်ညှိလို့ရတဲ့ အစောင်းအမတ် ချိန်ရတဲ့ ထိုင်ခုံ အမျိုးအစား ရှိသလို အော်တိုစနစ်သုံး ခလုတ်နဲ့ ချိန်ညှိရတဲ့ သက်တောင့်သက်သာ ရှိစေတဲ့ ထိုင်ခုံ အမျိုးအစားကို ရွေးချယ်ဖို့ လိုအပ်ပါတယ်။ 

(၆) အလင်းပေး စနစ် 

တီဗီ (သို့မဟုတ်) ပရိုဂျက်တာကနေ ထုတ်လွှတ်တဲ့ အလင်း ရုပ်ပုံ အရည်အသွေးကို အပြည့်အဝ ရရှိ ခံစားနိုင်စေဖို့အတွက် အခန်းတွင်းရှိ အလင်းကို ထိန်းချုပ်နိုင်ဖို့ လိုပါတယ်။ ပြင်ပ အလင်းဝင်ရောက်နိုင်တဲ့ ပြူတင်းပေါက်စတာတွေ ရှိရင် အလင်းမဝင်နိုင်အောင် (ဒါမှမဟုတ်) အဝင်နည်းအောင် ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ 

(၇) နံရံရဲ့ အရောင် 

မိသားစုကြည့် ရုပ်ရှင်ရုံ အသေးစား တည်ဆောက်တာ ဖြစ်တဲ့အတွက် ရုပ်ရှင်ရုံမှာ သွားရောက် ကြည့်ရှုရတဲ့ အရသာအတိုင်း တည်ဆောက်ဖို့ စဉ်းစားသင့်ပါတယ်။ အခန်းရဲ့ အသံတုံ့ပြန်မှုကို ထိန်းချုပ်နိုင်တဲ့ ပစ္စည်းအမျိုးအစား ရွေးချယ် ပြီးပြီ ဆိုရင် အရောင်ကိုလည်း မျက်လုံးအေးစေမဲ့ အရောင်တုံ့ပြန်မှု နည်းတဲ့ အရောင်မျိုး ရွေးချယ်ဖို့ အရေးကြီးပါတယ်။ 

(၈) လျှပ်စစ် ကာကွယ်ရေးစနစ်

တပ်ဆင်တဲ့ လျှပ်စစ်ပစ္စည်းများရဲ့ လျှပ်စစ် အန္တရာယ်ကာကွယ်နိုင်ရေးဟာလည်း အရေးကြီးတဲ့ အချက်တွေထဲက တစ်ခု ဖြစ်ပါတယ်။ အခန်းတွင်းရှိ လူများ ပစ္စည်းများရဲ့ အန္တရာယ်ကင်းရှင်းရေးအတွက် အသုံးပြုတဲ့ လျှပ်စစ် စနစ်တိုင်းမှာ Surge Protector လို လျှပ်စစ် ရုပ်ချည်း ဆောင့်တက်လို့ မလိုလားအပ်တဲ့ ထိခိုက်ပျက်စီးမှုတွေကို ကာကွယ်နိုင်တဲ့ စနစ်မျိုး ထည့်သွင်း တည်ဆောက်ဖို့ စဉ်းစားသင့်ပါတယ်။ ရုတ်ချည်းမီးပျက်ပြီး ပြန်လာတဲ့ အချိန်မျိုးမှာ ပရိုဂျက်တာလို ပစ္စည်းမျိုးက ချက်ချင်း ပြန်ဖွင့်တာမျိုး မလုပ်ဘဲ စက္ကန့်ကိုးဆယ် အနည်းဆုံး စောင့်ဆိုင်းပြီးမှ ပြန်ဖွင့်တာမျိုး လုပ်ပေးတဲ့ လျှပ်စစ် စနစ်မျိုး ထည့်သွင်းတည်ဆောက်ဖို့ လိုအပ်ပါတယ်။ 

(၉) ရီမုတ်တစ်ခုတည်းနဲ့ အားလုံး ထိန်းချုပ်နိုင်မလား 

Home Theater တစ်ခုမှာ ပါဝင်တဲ့ ရီမုတ်သုံး ပစ္စည်းများ အနေနဲ့ Projector (ဒါမှမဟုတ်) တီဗီ၊ Home Theater System, AV Media Player, MATV Input, Aircon စတာတွေ အနည်းဆုံး ပါဝင်တာ ဖြစ်တဲ့အတွက် အနည်းလေး ရီမုတ် ၄ – ၅ လုံးအထက် ရှိတတ်ပါတယ်။ အဲဒီရီမုတ်တွေကို တစုတစည်းတည်း ထားဖို့ ကြိုးစားရတဲ့ တာဝန် တစ်ခုသည်လည်း အလုပ်တစ်ခု ဖြစ်သလို ရုပ်ရှင်ကြည့်ပါမယ် ဆိုကာမှ အရေးကြီးတဲ့ ရီမုတ် တစ်ခုက ဓာတ်ခဲကုန်နေလို့ ဆိုပြီး အဟန့်အတား ဖြစ်စေတာမျိုး စိတ်အနှောင့်အယှက်ဖြစ်တတ်တာမျိုး မဖြစ်ရအောင် ရီမုတ်နဲ့ ထိန်းချုပ်နိုင်တဲ့ ပစ္စည်းတွေ အကုန်ကို ပေါင်းပြီး ထိန်းချုပ်စနစ် တစ်ခု တည်ဆောက်ဖို့လည်း စဉ်းစားသင့်ပါတယ်။ အကျိုးကျေးဇူးအနေနဲ့ အခန်းတွင်းရှိ မည်သည့် ပစ္စည်းမဆို Tablet တစ်ခုတည်းနဲ့ တစ်နေရာတည်းက ထိန်းချုပ်နိုင်စေမှာ ဖြစ်တဲ့ စိတ်အေးချမ်းသာမှုကို ရရှိစေမှာ ဖြစ်ပါတယ်။ 

(၁၀) Wireless Network 

Home Theater ရဲ့ Control စနစ် အလုပ်လုပ်ဖို့ Wireless Network လိုအပ်သလို Netflix, Amazon Prime, Hulu, HBO, Youtube Stream လုပ်ဖို့အတွက် Speed ကောင်းမွန်တဲ့ Wireless Network တစ်ခုလည်း လိုအပ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *