ဆေးရုံတစ်ရုံရဲ့ ELV Systems များနဲ့ ပတ်သက်ပြီး Maintenance Team အတွက် စိန်ခေါ်မှုတွေ အများကြီး ကြုံရလေ့ ရှိပါတယ်။ ဒီ ခေါင်းစဉ်လေးတွေကတော့ ထစ်ခနဲရှိ ခေါင်းမီးတောက်စေတဲ့ အကြောင်းရင်းများစွာထဲက အချို့ပဲ ဖြစ်ပါတယ်။ 

စနစ်တည်ဆောက်ပုံ ရှုပ်ထွေးခြင်း

CCTV, Access Control, Nurse call, Intercom စတာတွေ အခြေခံပြီး မတူတဲ့ စနစ်အများအပြား ပါဝင်တဲ့ ဆေးရုံ ELV စနစ်တွေဟာ အခြေခံအားဖြင့် တည်ဆောက်ပုံ ရှုပ်ထွေးလေ့ရှိပါတယ်။ စနစ် စတင် ပုံစံထုတ်စဉ်ကတည်းက အသေးစိတ် အချိန်ယူ အာရုံစိုက် စဉ်းစားတွက်ချက် ပုံစံထုတ်ခြင်းအားဖြင့်သာလျှင် နောက်ပိုင်းမှာ Maintenance Team အတွက် မလိုလားအပ်တဲ့ အိပ်၍မပျော်သော်ညများစွာကို ကြိုတင်ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

စနစ်များ အချင်းချင်း ချိတ်ဆက်လုပ်ဆောင်မှု အခက်အခဲများ 

မတူညီတဲ့ နည်းပညာတွေနဲ့ လုပ်ဆောင်နေကြတဲ့ စနစ်များကို အကြားအလပ်မရှိ လုပ်ဆောင်နိုင်စေရေး တည်ဆောက်ပုံစံထုတ်နိုင်မှုဟာ ဆေးရုံတစ်ရုံရဲ့ နိစ္စဓူဝ ချောမွေ့စွာ လည်ပတ်လုပ်ဆောင်နိုင်စေမှုအတွက် အထူး အရေးပါပါတယ်။ မတူတဲ့ ထုတ်လုပ်သူများထံက ပေးအပ်တဲ့ စနစ်များ၊ အချို့က နောက်ဆုံးပေါ်ဖြစ်ပြီး၊ အချို့က နည်းပညာ အဟောင်းနဲ့လည်ပတ်နေတာမျိုး ဖြစ်နေခဲ့မယ်ဆိုရင် ဒီမတူတဲ့ စနစ်များ အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရေးက စနစ်ပုံစံထုတ်သူ System Integrator နဲ့ Maintenance team တို့အတွက် ကြီးစွာသော စိန်ခေါ်မှု တစ်ခုလည်း ဖြစ်စေမှာပဲ ဖြစ်ပါတယ်။ 

အရေးပေါ် တုံ့ပြန်မှု စနစ်များ

ဆေးရုံတစ်ရုံရဲ့ စနစ်များမှာ အခါအားလျော်စွာ အရေးပေါ် သူနာပြုခေါ်စနစ်ကဲ့သို့ အရေးပေါ်တုံ့ပြန်မှု စနစ်များ ပါဝင်တတ်ပါတယ်။ ဒီစနစ်များ အမှန်တကယ် အသုံးပြုရန် လိုအပ်ချိန်မှာ စနစ်အဆင်သင့် မဖြစ်နေမှု၊ နှောင့်နှေးကြံ့ကြာနေမှု စတာတွေက လူနာရဲ့ အသက်အန္တရာယ်နဲ့ ကျန်းမာရေး ဝန်ဆောင်မှုအပေါ် စိတ်ကျေနပ်မှုကို များစွာသက်ရောက်မှု ရှိစေမှာလည်း ဖြစ်ပါတယ်။ 

အမြဲတမ်း စနစ်အဆင့်မြှင့်တင်မှုနဲ့ နည်းပညာအပြောင်းအလဲများ

ELV စနစ်များဟာ အစဉ်သဖြင့် တိုးတက်ပြောင်းလဲနေတဲ့ စနစ်များ ဖြစ်ကြပါတယ်။ စနစ်တည်ဆောက်စဉ် ကတည်းက အနာဂတ် ၃ နှစ်၊ ၅ နှစ် စတဲ့ အချိန် အတိုင်းအတာ တစ်ခုကို တင်ကြို စဉ်းစား ပုံစံထုတ်မှသာလျှင် အကျိုးသက်ရောက်မှု ကောင်းတဲ့ စနစ်တစ်ခု ရရှိစေမှာ ဖြစ်တာမို့ လောလောလတ်လတ် အကုန်အကျ သက်သာရုံနဲ့ များမကြာခင် ဆက်စပ်လုပ်ဆောင်နိုင်မှု ပျက်ပြယ်သွားစေမဲ့ (ဝါ) ဒိတ်အောက်သွားနိုင်တဲ့ စနစ်မျိုးကို သုံးစွဲခြင်းမျိုး တင်ကြို ရှောင်ရှားနိုင်ဖို့ လိုအပ်ပါတယ်။ 

နည်းပညာလုံခြုံရေး သတိ

ကျန်းမာရေး ဝန်ဆောင်မှု ပေးရာ ဆေးရုံ၊​ဆေးခန်း စတာတွေဟာ ဝန်ဆောင်မှု ရယူသူ လူနာရဲ့ ထိရှလွယ်တဲ့ သတင်း အချက်အလက်များကို အထူး သတိပြု ကိုင်တွယ်ဖို့ လိုပါတယ်။ သိမ်းဆည်းထားရတဲ့ လူနာများရဲ့ အရေးကြီးတဲ့ ကျန်းမာရေး သတင်းအချက်အလက်များကို ပေါက်ကြားမှု မရှိစေရေး အထူး သတိထား ကြပ်မတ်ဖို့ လိုပါတယ်။

စနစ်ရပ်နားချိန်ကြာမြင့်မှုနဲ့ လုပ်ငန်းထိခိုက်စေမှု

ဆေးရုံ ဆေးခန်းဆိုတာ တစ်ရက်ကို နှစ်ဆယ့်လေးနာရီ မရပ်မနား လည်ပတ်နေတဲ့ ဝန်ဆောင်မှု ဖြစ်တာနဲ့ အညီ ELV စနစ်များ ရပ်နားချိန် အနည်းဆုံးနဲ့ အလုပ်ဆက်တိုက်လုပ်နေရေး အထူး အရေးကြီးပါတယ်။ ပြင်ဆင်ထိန်းသိမ်းမှု လုပ်ငန်းများ လုပ်ဆောင်ရာမှာ အရေးကြီးတဲ့ ဝန်ဆောင်မှုများ ထိခိုက်မှု မရှိစေဘဲ လုပ်ဆောင်နိုင်စေရေး အထူး သတိထား ဆောင်ရွက်ကြရတဲ့ စိန်ခေါ်မှုလည်း အထူး ကြီးမားပါတယ်။ 

လေ့ကျင့်သင်ကြားမှုနဲ့ ကျွမ်းကျင်မှု ကွာဟချက်

ELV စနစ်များအတွက် သီးသန့်သင်ကြားထားတဲ့ ပြင်ဆင်ထိန်းသိမ်းရေးနဲ့ ပြစ်ချက်ရှာဖွေရေး အတတ်ပညာများ လိုအပ်ပါတယ်။ ဒီအတွက် နောက်ဆုံးပေါ် နည်းပညာများနဲ့ မိမိ အဖွဲ့အကျွမ်းတဝင် ရှိနေစေဖို့ အရေးကြီးပါတယ်။ 

ဘတ်ဂျက်အကန့်အသတ်

ပြင်ဆင်ထိန်းသိမ်းမှုအတွက် ဘတ်ဂျက်ဘယ်လောက်သုံးမလည်း ဆိုတာက ခေါင်းခဲစေတဲ့ ကိစ္စတစ်ခုပါ။ ဆေးရုံရဲ့ ELVစနစ် ပြင်ထိန်းသမားများအတွက် စနစ်ကောင်းမွန်စေလိုပေမဲ့လို့ အကန့်အသတ်ဖြင့်သာ ခွင့်ပြုတဲ့ ဘတ်ဂျက်ကလည်း စိန်ခေါ်မှု တစ်ခုအဖြစ်ရှိနေဆဲ ဖြစ်ပါတယ်။ ပျက်မှ ပြင်မှာလား၊ ပုံမှန်ပြင်ဆင်ထိန်းသိမ်းခြင်းဖြင့် ပျက်ယွင်းမှု နည်းစေအောင် စီမံမလားဆိုတာတော့ ကိစ္စတစ်ခုချင်းစီပေါ် မူတည်အလေးထား စဉ်းစားရမဲ့ ကိစ္စမျိုးလည်း ဖြစ်နေတတ်ပါတယ်။ 

မတူညီတဲ့ဝန်းကျင်ဆိုင်ရာ စဉ်းစားစရာများ

ဆေးရုံတစ်ခုတည်းမှာတင်ပဲ မတူညီတဲ့ ဝန်းကျင် အနေအထား အမျိုးမျိုးနဲ့ ကြုံရလေ့ရှိကြပါတယ်။ စိုထိုင်းဆများတဲ့ ဝန်းကျင်၊ မြင့်လွန်း နိမ့်လွန်းတဲ့ အခြေအနေမျိုး ပြင်ဆင်ထားတဲ့ ဝန်းကျင်၊ ဓာတုဗေဒ ဆေးဝါးများနဲ့ ထိတွေ့ရတဲ့ ဝန်းကျင် စတဲ့ မတူညီမှုတွေက စနစ်များအတွက် အထူးပြု အရေးပြုမှု လိုအပ်နိုင်စေပါတယ်။ 

နည်းပညာဆိုင်ရာ လိုက်နာရန်စည်းမျဉ်းများနှင့် အကန့်အသတ်များ

ဆေးရုံဝန်းကျင်ဆိုရာဝယ် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ သတင်းအချက် အလက် ကန့်သတ်ရမှု၊ ပြင်ပသို့ ဒေတာ အချက်အလက် ပေးသိနိုင်မှု၊ ပေးမသိနိုင်မှု စတဲ့ လိုက်နာရန် စည်းမျဉ်း အကန့်အသတ်များကိုလည်း ELV စနစ်များ အနေဖြင့် လိုက်နာရန် အရေးကြီးပါတယ်။ ဒါမှသာလည်း သက်ဆိုင်ရာ အာဏာပိုင်ဌာနဆိုင်ရာများက စစ်ဆေးခွင့်ပြုချက် ရဖို့ လွယ်စေမှာ ဖြစ်ပါတယ်။ 

အခု ဖော်ပြခဲ့တဲ့ စိန်ခေါ်မှုများကို စိန်ခေါ်မှု ဖြစ်မလာခင် ကြိုတင်တွေးတောစီမံခြင်းအားဖြင့် ပြင်ထိန်းစီမံချက်များ ရေးဆွဲထားခြင်းအားဖြင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအတွက် အထူးအထောက်အကူပြုနိုင်တဲ့ ELV စနစ်မျာအဖြစ် အကြားအလပ်မရှိ ပံ့ပိုးနိုင်စေမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *