အရွယ်အစား နဲ့ လုပ်ဆောင်နိုင်စွမ်း အပေါ်မူတည်ပြီးတော့ ပရိုဂျက်တာ လောကက ရွေးချယ်စရာ အမျိုးမျိုးရှိပါတယ်။ နည်းပညာအရ ကျယ်ပြန့်တယ်။ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်လေးတွေ ကျွန်တော်တို့ ဆွေးနွေးသွားပါမယ်။

ပရိုဂျက်တာကို စတင်သုံးစွဲခဲ့ကြစဉ်အချိန်က အရွယ်အစားအရ အမျိုးအစား ရွေးချယ် သတ်မှတ်ခဲ့ကြတာ အတော်ကြာပါတယ်။ ကနေ့မှာတော့ အမျိုးအစား သတ်မှတ်မှု သတ်မှတ်ချက်တွေ အမျိုးမျိုး ရှိနေခဲ့ပါပြီ။ အဲဒီထဲမှာ ဘာအတွက် သုံးမှာလဲ (စီးပွားရေးအချက်အလက် တင်ပြ မှု အတွက်လား၊ အိမ်တွင်း ရုပ်ရှင်ရုံအတွက်လား၊ ဒါမှမဟုတ် ဂိမ်းကစားဖို့ အတွက်လား။ )နည်းပညာ အရ (LCD လား၊ DLP လား၊ LCOS လား) ဒါမှမဟုတ် ပရိုဂျက်တာ နဲ့ စကရင်ကြားအကွာအဝေး (စကရင်ကနေ ပရိုဂျက်တာကို ဘယ်လောက်ဝေးဝေး ထားလို့ရမလဲ) စတာတွေ အပြင် အများကြီး ရှိပါသေးတယ်။ ဒီမှာ ကျွန်တော်တို့ ဆွေးနွေးထားတာတွေက မိမိရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အချက်အလက်ရှိ ပရိုဂျက်တာ တစ်လုံးကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာကို ကူညီပေးနိုင်ပါလိမ့်မယ်။  

ဘယ်လို ရုပ်ပုံမျိုး ပြမှာလဲ

အခြေခံအားဖြင့် ပရိုဂျက်တာနဲ့ ပြတဲ့ ရုပ်ထွက် လေးမျိုး ရှိပါတယ်။ အဲဒါတွေက 

၁။ ဒေတာ အချက်အလက် ပြသဖို့၊ 

၂။ ဗီဒီယိုရုပ်ရှင် ပြသဖို့၊ 

၃။ ဓာတ်ပုံပြသဖို့နဲ့ 

၄။ ဂိမ်းကစားဖို့

တို့ပဲ ဖြစ်ပါတယ်။ 

ဘယ် ပရိုဂျက်တာမဆို ကြိုက်တဲ့ ရုပ်ထွက် အမျိုးအစားကို ပြနိုင်စွမ်းရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိထားရမှာက ပရိုဂျက်တာ အမျိုးအစား တစ်ခုဟာ အဲဒီ လေးမျိုးသော ရုပ်ထွက်တွေထဲက တစ်ခုကိုသာလျှင် အကောင်းဆုံး ပြသနိုင်တာ ဖြစ်ပြီးတော့ အခြားအမျိုးအစားသော ရုပ်ထွက်တွေမှာတော့ မလွဲမသွေ အကောင်းဆုံး ရုပ်ထွက် ထုတ်လုပ်နိုင်မှု မရှိဘူး ဆိုတာပါပဲ။ 

ယေဘုယျအားဖြင့် မိမိ ပြသလိုတဲ့ ရုပ်ထွက် အမျိုးအစားအပေါ် မူတည်ပြီးတော့ အကောင်းဆုံး ပြသနိုင်မဲ့ ပရိုဂျက်တာကို ရွေးချယ်နိုင်ရေးဟာ အရေးအကြီးဆုံး ဖြစ်ပါတယ်။ 

ပရိုဂျက်တာ အများစုကတော့ ဒေတာ (သို့မဟုတ်) စီးပွားရေးလုပ်ငန်းသုံး ပရိုဂျက်တာ (ဒီနှစ်ခုကို တွဲခေါ်တတ်ပါတယ်) ဒါမှမဟုတ် အိမ်တွင်း ရုပ်ရှင်သုံး ပရိုဂျက်တာ (သို့မဟုတ်) အိမ်တွင်း ဖျော်ဖြေရေး ပရိုဂျက်တာ (သို့မဟုတ်) ဗီဒီယို ပရိုဂျင်တာ (ဒီနာမည် သုံးခုကလည်း တစ်မျိုးတည်းကို ရည်ညွှန်းတာပါ။ ) ခုနောက်ပိုင်းမှာတော့ အရွယ်အစား သေးငယ်ပေမဲ့ အရေအတွက် အားဖြင့် အရမ်း အသုံးများလာတာကတော့ ဂိမ်းအသုံး ပရိုဂျက်တာတွေပါပဲ။

ကျွန်တော်တို့ ထင်ထားသလိုပဲ ဒေတာ ပရိုဂျက်တာက ပါဝါပွိုင့်လို၊ အိပ်စဲလို၊ ပီဒီအဖ်လို ဒေတာ အချက်အလက်တွေကို အကောင်းဆုံး ပြသနိုင်ပြီးတော့ အိမ်တွင်း ရုပ်ရှင်သုံး ပရိုဂျက်တာကတော့ ရွေ့လျားရုပ်သံတွေပါတဲ့ ဗီဒီယိုကို အကောင်းဆုံး ပြသနိုင်ပါလိမ့်မယ်။ 

ဗီဒီယို ကောင်းကောင်း ပြနိုင်တဲ့ မည်သည့် ပရိုဂျက်တာမဆို ဓာတ်ပုံတွေကြည့်တဲ့အခါမှာ အကောင်းဆုံး ပြသနိုင်ပါလိမ့်မယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုနဲ့က တူတဲ့ အချက်တွေ များတာကိုး။ ဒါပေမဲ့  လှုပ်ရှားနေတဲ့ ရုပ်ပုံတွေကို ပြသနိုင်ဖို့အတွက်ကတော့ ရုပ်ပုံထုတ်လုပ်မှု အတွက် အသုံးကိရိယာတွေ အများကြီးလိုအပ်လို့ ရှုပ်ထွေးမှုတွေ ရှိလာပါတယ်။

ဂိမ်းကစားမှုအတွက်ကတော့ ဒေတာ ရုပ်ပုံတွေအတွက် လိုတဲ့ လုပ်နိုင်စွမ်းအချို့နဲ့ ဗီဒီယို ရုပ်ပုံအတွက် လိုအပ်တဲ့ လုပ်နိုင်စွမ်းအချို့ လိုအပ်ပါတယ်။ ဂိမ်းကစားမှုအတွက် လိုအပ်တာဆိုရင်တော့၊ အကယ်၍ အဲဒီ ပရိုဂျက်တာ အမျိုးအစားနဲ့ ပတ်သက်တဲ့ သုံးသပ်ချက် ရှာမတွေ့ခဲ့ဘူး ဆိုရင်တော့ ဗီဒီယိုနဲ့ ဒေတာ နှစ်ခုလုံးကို ကောင်းကောင်း ကိုင်တွယ်နိုင်တဲ့ ပရိုဂျက်တာကိုသာ ရှာလိုက်ပါ။

ဘယ်လောက်အတိုင်းအတာထိ သယ်ယူ ဖို့လွယ်ကူဖို့ လိုအပ်သလဲ

ပရိုဂျက်တာ တစ်လုံး ဘယ်လောက်ထိ သယ်ယူပို့ဆောင်ရာမှာ လွယ်ကူဖို့ လိုအပ်သလဲ စဉ်းစားကြည့်ရအောင်။ အရွယ်အစားအားဖြင့် ရှပ် အင်္ကျီအိပ်ကပ်ထဲ ထည့်သယ်သွားလို့ရတဲ့ အရွယ်အစားကနေပြီးတော့ တသမတ်တည်း အသေ တပ်ထားမှကို ဖြစ်မဲ့ အရွယ်အစားထိ ရနိုင်ပါတယ်။ 

လုပ်ငန်းကိစ္စနဲ့ ပတ်သက်ပြီး အစည်းအဝေးလုပ်တဲ့ခါ သယ်သွားဖို့၊ သူငယ်ချင်း အိမ်မှာ ဂိမ်းကစားဖို့ သယ်သွားဖို့ (ဒါမှမဟုတ်) အိမ်တွင်း ရုပ်ရှင်ရုံအတွက် မသုံးတဲ့ခါ ထောင့်တစ်ထောင့်ကို အလွယ်တကူ တွန်းရွှေ့ထားနိုင်ဖို့ လိုတယ်ဆိုရင် အသုံးနဲ့ သင့်လျော်တဲ့ အရွယ်အစား၊ အလေးချိန်ရှိတဲ့ စက်ကို ရွေးချယ်ဖြစ်ပါစေ။ အချိန် တော်တော်များများ ရွှေ့ပြောင်း သယ်ယူသွားနေမယ်ဆိုရင်တော့ အရွယ်အစား သေးသေး၊ အလေးချိန် ပေါ့ပေါ့ပါးပါးပဲ ဖြစ်သင့်ပါတယ်။

ဘယ်လောက် ရီစိုလူးရှင်း ဝယ်ရမလဲ

အကောင်းဆုံးကတော့ သုံးစွဲဖို့ အများဆုံး ဖြစ်နိုင်တဲ့ ဆက်သွယ်မှု အမျိုးအစား (ကွန်ပျူတာနဲ့ ချိတ်မှာလား၊ ဗီဒီယိုစက်နဲ့ ချိတ်မှာလား၊ ဂိမ်းစက်နဲ့ ချိတ်မှာလား။ ဒါမှမဟုတ် အဲဒီ သုံးခုလုံးရဲ့ မတူညီတဲ့ ပေါင်းစပ်မှုတစ်ခုခုနဲ့ ချိတ်မှာလား) ရဲ့ လိုအပ်မဲ့ ရီစိုလူးရှင်းနဲ့ ပရိုဂျက်တာရဲ့ ပင်မရီစိုလူးရှင်းကို ယှဉ်ထိုးကြည့်ပါ။ ပရိုဂျက်တာတွေက ရုပ်ပုံတွေရဲ့ စကေးလ်ကို ကြီးမားအောင်၊ သေးငယ်အောင် ပြောင်းလဲပေးနိုင်ပေမဲ့ အဲလို လုပ်စဉ်မှာ ရုပ်ပုံရဲ့ အရည်အသွေးကို လျော့ကျသွားစေတတ်ပါတယ်။ 

ဒေတာရုပ်ပုံတွေ ပြဖို့ စဉ်းစားတယ်ဆိုရင် ဘယ်လောက်ထိ အသေးစိတ်တဲ့ ရုပ်ပုံတွေ ပြမှာလည်း စဉ်းစားရပါမယ်။ ပုံမှန် ပါဝါပွိုင့်ပြကွက် တစ်ခုအတွက်ကတော့ SVGA (800×600) က အလွယ်လေး လောက်ငှပါတယ်။ ဒီတော့ အဲဒီထက် မြင့်တဲ့ ရီစိုလူးရှင်း ပေးတဲ့ ပရိုဂျက်တာ ဝယ်တာနဲ့ စာရင် SVGA ဝယ်တာက အကုန်အကျ သက်သာပါလိမ့်မယ်။ လိုအပ်တဲ့ ပုံထွက် အသေးစိတ်လေလေ ပိုမြင့်တဲ့ ရီစိုလူးရှင်း လိုအပ်လေပါပဲ။

ဗီဒီယိုအတွက်ကတော့ သင့်မှာ ဘလူးရေးစက်၊ ဒီဗီဒီ မော်ဒယ်မြင့် စက် ဒါမှမဟုတ် 1080p ကိရိယာ သုံးမယ်လို့ ယူဆမယ် ဆိုရင် ပရိုဂျက်တာတွေအတွက် လောလောဆယ် အမြင့်ဆုံးလို့ ပြောလို့ရတဲ့ 1080p က အကောင်းဆုံး ဖြစ်မှာပါ။ ဒါပေမဲ့ ပရိုဂျက်တာနဲ့ ချိတ်လိုက်တဲ့ခါ ကြားထဲက ချိတ်ဆက်တဲ့ ကိရိယာ၊ ကြိုးတွေက ရီစိုလူးရှင်း အနိမ့်ပိုင်းအတွက်ပဲ ဖြစ်နေနိုင်သေးတယ်ဆိုတာ မမေ့ဖို့ လိုပါတယ်။ ရီစိုလူးရှင်း နိမ့်တဲ့ ဗီဒီယိုတွေကို ကြည့်ခွင့်ကြုံခဲ့မယ်ဆိုရင်လည်း ပရိုဂျက်တာ အနေနဲ့ အဲဒီ ရီစိုလူးရှင်း အနိမ့်ကို ဘယ်လို ကိုင်တွယ်တယ်ဆိုတာ ကြည့်ကြည့်စေလိုပါတယ်။

စကရင် အကျယ် လိုအပ်သလား 

ဗီဒီယိုနဲ့ ဂိမ်းတွေ အတွက်ကတော့ စကရင် အကျယ် လိုကို လိုအပ်ပါတယ်။ ဒေတာ ပရိုဂျက်တာတွေ တောင်မှပဲ စကရင် အကျယ် ရီစိုလူးရှင်းတွေက ပိုပြီး အသုံးတွင်ကျယ်လာကြပါပြီ။ အကယ်၍ ရှင်းလင်းပြသမှုတွေကို စကရင် အကျယ် နုတ်ဘွခ် (ဒါမှမဟုတ်) မော်နီတာ ပေါ်မှာ ပြင်ဆင်ထားတာဆိုရင် ပြသတဲ့ခါကျရင်လည်း စကရင် အကျယ် ပုံစံနဲ့မှ ပိုကြည့်ကောင်းပါလိမ့်မယ်။

ဘယ်လောက် အလင်းတောက်ပမှု လိုအပ်ပါသလဲ

အကောင်းဆုံး တောက်ပမှု ပမာဏလို့ မရှိပါဘူး။ ပိုလင်းတိုင်းလည်း ပိုကောင်းတယ် ပြောလို့မရပါဘူး။ အမှောင်ခန်းထဲမှာ သုံးမဲ့ အိမ်တွင်းသုံး ပရိုဂျက်တာဆိုရင် ဥပမာ အားဖြင့် လူမင် ၁၀၀၀- ၁၂၀၀ လောက်နဲ့တင် ကြီးမား တောက်ပတဲ့ ရုပ်ထွက် ရနိုင်ပြီးတော့ အကယ်၍ ၂၀၀၀ လူမင် ပရိုဂျက်တာကိုသာ သုံးမယ်ဆိုရင် တောက်ပလွန်းအား ကြီးပြီးတော့ မျက်လုံးကို အနှောင့်အယှက် ဖြစ်စေပါလိမ့်မယ်။ အခြား တစ်ဖက်မှာ အလွယ်သုံး ပရိုဂျက်တာဆိုရင် ဒေတာအသုံးအတွက် အလင်းကောင်းကောင်း ရတဲ့ နေရာမှာ သုံးမယ်ဆိုရင်တော့ လူမင် ၂၀၀၀ ကနေ ၃၀၀၀ ကြားဆိုရင် သင့်တော်ပါလိမ့်မယ်။ အခန်းကျယ်ကြီးတွေ အတွက်ဆိုရင်တော့ ပိုပြီး တောက်ပတဲ့ အမျိုးအစား သုံးဖို့ လိုပါမယ်။ 

အဓိက အချက်ကတော့ အကောင်းဆုံး တောက်ပမှု ပမာဏဆိုတာက ပတ်ဝန်းကျင် အလင်းပမာဏ၊ ရုပ်ပုံ အရွယ်အစား၊ စကရင် အဖြစ် သုံးထားတဲ့ ပစ္စည်းအမျိုးအစား ပေါ်မှာတောင်မှ မူတည်ပါတယ်။ အိမ်မှာ ဖြစ်ဖြစ်၊ ရုံးမှာဖြစ်ဖြစ် အသေတပ်ဆင်မှုအတွက် သုံးမဲ့ ပရိုဂျက်တာ ဝယ်မှာဆိုရင်တော့ဖြင့် သုံးစွဲမဲ့ အလင်းပမာဏရှိတဲ့ အခြေအနေနဲ့ စကရင် အမျိုးအစားတို့နဲ့ ကိုက်ညီမဲ့ တောက်ပမှုကို ညွှန်ပေးနိုင်မဲ့ အတွေ့အကြုံရှိသူထံမှာ ဝယ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ 

မော်ဒယ် ၂ ခုအကြား ရွေးချယ်ဖို့ ကြိုးစားနေတာ ဆိုရင်တော့ Lumen ၂၀၀၀ နဲ့ ၂၂၀၀ လို့ ဆိုကြပါစို့ အဲဒီ သိပ်မများတဲ့ ကွာဟမှုလေးက ဘာမှ မပြောပလောက်ဘူးဆိုတာလည်း ထည့်တွေးထားဖို့ လိုပါမယ်။ တောက်ပမှုနဲ့ ပတ်သက်တဲ့ သဘောတရားက တသမတ်တည်း မဟုတ်ပါဘူး။ ပရိုဂျက်တာ တစ်လုံးရဲ့ အလင်းအား ၂ ဆ ရစေဖို့ လူမင် ပမာဏ ၂ဆထက်ပိုပြီး ရှိဖို့ လိုမယ် ဆိုတာမျိုးပေါ့။ ဒါ့အပြင် ပရိုဂျက်တာရဲ့ အလင်းအားက သူ ဖော်ပြထားတဲ့ အလင်းအားထက် အနည်းငယ် လျော့နည်းနေတတ်တယ် ဆိုတာကိုလည်း သတိထားရပါမယ်။

Contrast Ratio နဲ့ ပတ်သက်ပြီး သိပ်ခေါင်း အစား မခံပါနဲ့

Contrast Ratio ဆိုတာ ပရိုဂျက်တာ ထုတ်လုပ်နိုင်တဲ့ အတောက်ပဆုံး အလင်းနေရာနဲ့ အမှောင်ဆုံးနေရာတို့ နှစ်ခုမှာ ရှိတဲ့ အလင်းပမာဏ အချိုး ဖြစ်ပါတယ်။ အခြား အချက်တွေ တူတယ်ဆိုရင် Contrast Ratio ပိုမြင့်တဲ့ စက်က အမှောင်နေရာတွေမှာတောင်  ပိုပြီး ကြည့်လို့ ကောင်းတဲ့ အရောင်၊ အသေးစိတ် ရုပ်ပုံတွေကို ထုတ်လုပ်နိုင်ပါတယ်။ ဒါပေမဲ့ အခြား အချက်တွေလည်း ထည့်စဉ်းစားဖို့ ရှိသေးတာကြောင့် Contrast Ratio တစ်ခုတည်းနဲ့တော့ များများစားစား ပြောလို့ မရပါဘူး။ 

ဘယ်နည်းပညာကို သုံးချင်တာလဲ 

ခုခေတ်ပေါ် ပရိုဂျက်တာတွေကတော့ DLP, LCD, LCOS နဲ့ Laser raster ပုံဖော်နည်းပညာ လေးမျိုးထဲက တစ်ခုခုပေါ်မှာ အခြေခံတတ်ပါတယ်။ Laser Raster ကို DLP လို၊ LCOS Chip လို အခြားနည်းပညာသုံး ပရိုဂျက်တာတွေမှာ အလင်းပင်ရင်းအနေနဲ့ သုံးတဲ့ Laser နည်းပညာနဲ့ မရောပါစေနဲ့။  

ဈေးအချိုဆုံး DLP ပရိုဂျက်တာတွေနဲ့ အချို့သော LCOS နည်းပညာ အခြေခံထားတဲ့ pico ပရိုဂျက်တာတွေမှာဆိုရင် ဒေတာနဲ့ ဗီဒီယို နှစ်မျိုးလုံးအတွက် သူတို့ရဲ့ ပင်မ အရောင်တွေကို တပြိုင်နက်တည်း ထုတ်လွှတ်တာ မဟုတ်ဘဲ အစဉ်လိုက် ထုတ်လွှတ်တာ ဖြစ်ပါတယ်။ ဒါက သက်တန့်ရောင်စဉ် ဖြစ်မှုကို ဖြစ်စေပြီးတော့ စကရင်ရဲ့ တချို့နေရာတွေမှာ သက်တန့်ရောင်လို အရောင်တွေ မတူညီဘဲ ကွဲနေတာမျိုး မြင်ရတတ်ပါတယ်။ ဒါကို သတိထားမိတဲ့ လူအချို့ကတော့ မြင်ရတာ ကြာလာရင် စိတ်ရှုပ်စရာလို့ ထင်မြင်တတ်ပါတယ်။ 

LCD ပရိုဂျက်တာတွေမှာတော့ ဒီပြဿနာ ဖြစ်တာ မတွေ့ရပေမဲ့ လုပ်ဆောင်ချက်ချင်းတူတဲ့ အခြား ပရိုဂျက်တာတွေနဲ့ စာရင် အရွယ် ကြီးပြီး ပိုမို လေးလံတာတွေ့ရတတ်ပါတယ်။ ချုံပြီး ပြောမယ်ဆိုရင်တော့ ပုံမှန် အရွယ်အစား LCOS ပရိုဂျက်တာတွေက ရုပ်ထွက် အရည်အသွေး အကောင်းဆုံး ထုတ်လုပ်နိုင်ပေမဲ့လို့ DLP တို့ LCD ပရိုဂျက်တာတို့နဲ့ ယှဉ်ရင်တော့ အရွယ်ကြီးမယ်။ ပိုလေးမယ်။ ပြီးတော့ ဈေးအရမ်းကြီးမယ်။ Laser Raster နည်းပညာသုံး ပရိုဂျက်တာတွေကတော့ မှတ်ချက်ပေးရလောက်အောင် အရေအတွက် သိပ်မတွေ့ရသေးတဲ့အတွက် ပြောဖို့ ခဲယဉ်းပါတယ်။ ဒါပေမဲ့ Laser နည်းပညာသုံး ပရိုဂျက်တာရဲ့ အထူးခြားဆုံး အားသာချက် တစ်ခုကတော့ Focus ချိန်စရာ မလိုတာပဲ ဖြစ်ပါတယ်။ 

အသံထွက် လိုအပ်သလား 

ပရိုဂျက်တာတိုင်းမှာ အသံစနစ် ပါဝင်တယ်လို့ မပြောနိုင်ပါဘူး။ ပါတဲ့ ပရိုဂျက်တာတိုင်းမှာလည်း အထူးသဖြင့် အရမ်း သယ်ရလွယ်အောင် လုပ်ထားတဲ့ ပရိုဂျက်တာတွေမှာပေါ့ ပါတဲ့ အသံက အသုံးမတည့်လှပါဘူး။ အကယ်လို့ သုံးမဲ့ တင်ဆက်မှုနဲ့ ဗီဒီယို တွေမှာ အသံလိုမယ်ဆိုရင်တော့ အသံစနစ်ပါတဲ့ ပရိုဂျက်တာကို ရွေးချယ်ပါ။ အသံအရည်အသွေးက လိုအပ်သလောက် ကောင်းပြီး အသံကျယ်ပါစေ။ ဒါမှ မဟုတ်ရင်တော့ အသံစနစ် သပ်သပ် သုံးဖို့ စဉ်းစားပါ။ ရုပ်ရှင်ရုံလိုနဲ့ရုံးလိုနေရာမှာ  အသေတပ်ဆင်ထားတဲ့ ပရိုဂျက်တာမျိုးဆိုရင်ပေါ့။

3D လိုအပ်ပါသလား

ပညာရေးအသုံးပဲ ဖြစ်ဖြစ်၊ စီးပွားရေးသုံး ဒါမှမဟုတ်၊ အိမ်သုံးနဲ့ ဂိမ်းအတွက် သုံးမယ်ဆိုရင် အခုခေတ်မှာ တောင်းဆိုမှု ရှိလာတာကတော့ ပရိုဂျက်တာမှာ 3D ပြနိုင်ရဲ့လား ဆိုတာပါပဲ။ 

စိတ်မကောင်းစရာက 3D ပြသနိုင်မှု အမျိုးအစား အများအပြား ရှိနေတာ ဖြစ်တဲ့အတွက် 3D ပြနိုင်တယ်ဆိုတိုင်း 3D တိုင်းအတွက် အဆင်ပြေလိမ့်မယ်လို့ မပြောနိုင်ပါဘူး။ ဥပမာ ပရိုဂျက်တာ တစ်လုံးဟာ Quad-buffered, Open GL 3D Compactable Graphic Card နဲ့ အဆင်ပြေတဲ့ TI ရဲ့ DLP-Link အတွက် အလုပ်လုပ်ပေမဲ့လို့ 3D Blue-ray Player နဲ့တော့ အလုပ်လုပ်ချင်မှ လုပ်ပါလိမ့်မယ်။ ဒီတော့ 3D အသုံး လိုတယ်ဆိုရင်တော့ မိမိ သုံးချင်တဲ့ 3D အမျိုးအစားက ဘာလဲ ဆိုတာကို သေချာ လေ့လာပြီးတော့ အဲဒီ နည်းပညာနဲ့ အလုပ်လုပ်တဲ့ ပရိုဂျက်တာ အမျိုးအစားကို ရွေးချယ်မိဖို့ လိုပါတယ်။  

အခန်းကျဉ်းလေးထဲမှာ ရုပ်ထွက် ကြီးကြီး လိုသလား

နောက်ဆုံးအနေနဲ့ကတော့ Short Throw လိုအပ်သလား။ အကွာအဝေး အနည်းငယ် အတွင်းမှာ လိုအပ်တဲ့ ရုပ်ပုံ အရွယ်အစားကို ပြနိုင်ဖို့လိုသလား။ Short Throw ပရိုဂျက်တာတွေက  အခန်း ကျဉ်းကျဉ်းလေးထဲမှာ ရုပ်ပုံအကြီးကြီး ထိုးပြနိုင်ပေမဲ့လို့ ပရိုဂျက်တာရှေ့ လူဖြတ်လျှောက်လို့ ကွယ်တာမျိုး ဖြစ်နိုင်ပါတယ်။ 

Short Throw ဘယ်တော့သုံးရမယ်ဆိုပြီး မူသေ ချမှတ်ထားတာ မရှိပါဘူး။ သို့ပေမဲ့ နမူနာအားဖြင့် နှစ်မီတာ အကျယ်ရှိတဲ့ ရုပ်ပုံကို ပြနိုင်ဖို့ အနည်းဆုံး ၁၂ ပေကနေ ၁၅ ပေထိ လိုအပ်တဲ့ အစား၊ Short Throw ပရိုဂျက်တာကတော့ သုံးပေကနေ ခြောက်ပေအတွင်း ထိုးပြနိုင်ပါတယ်။ Ultra Short Throw တွေကတော့ လက်မအနည်းငယ် အတွင်းမှာတောင် ထိုးပြနိုင်ပါတယ်။ ခန်းမငယ်များ နဲ့ အစည်းအဝေးခန်းမ အကြီးကြီးတွေအတွက်ကတော့ Long Throw Lens တွေ လိုကောင်း လိုအပ်နိုင်ပါတယ်။ 

မူရင်း စာမျက်နှာ http://www.pcmag.com/article2/0,2817,2367995,00.asp By M. David Stone, Tony Hoffman

Leave a Reply

Your email address will not be published. Required fields are marked *