ဒက်ဆီဘယ် (decibel) ဆိုတာ ကိန်းရှင် နှစ်ခုရဲ့ အချိုးကို လောဂရမ်သမ်စကေးနဲ့ ဖော်ပြတဲ့ အညွှန်းကိန်း တစ်ခု ဖြစ်ပြီး သူ့မှာ ယူနစ် မရှိပါဘူး။ လူသားရဲ့ အကြားအာရုံနဲ့ ပတ်သတ်ပြီး ပမာဏကို ညွှန်းဆိုပြသရာမှာ အဖြောင့်တိုင်း ပမာဏထက် လော့ဂရမ်သမ်စကေးနဲ့ ပြသတာက ပိုပြီးတော့ သင့်တော် ဆီလျော်ပါတယ်။ အဖြောင့်တိုင်း စကေးနဲ့သာ ဖော်ပြမယ်ဆိုရင် လူသားရဲ့ အကြားအာရုံက ခံစားနိုင်တဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး အသံပမာဏကို အချိုးအားဖြင့် 1: 3,000,000 (တစ်အချိုး သုံးသန်း) ဆိုတဲ့ စကေးထက် 0 to 130 dB ဆိုတဲ့ စကေးက ပိုပြီး ကိုင်တွယ် တွက်ချက်လို့ ကောင်းပါတယ်။ ဒါကို တွက်ထုတ်ရာမှာ Log (တန်ဖိုးသစ်/ရည်ညွှန်းတန်ဖိုး) ဆိုတဲ့ ဖော်မျူလာကို သုံးပါတယ်။ လော့ဂရမ်သမ် စကေးရဲ့ အခြေပြုကိန်းက ၁၀ ဖြစ်ပါတယ်။ ဒီအတွက် ဂဏန်းပေါင်းစက်တွေမှာ ပါတဲ့ Log ကို တန်းသုံးရုံပါပဲ။ အဖြေကို Bel နဲ့ ဖော်ပြပြီး Bel ယူနစ်က ပမာဏ ကြီးတာမို့ သူ့ရရဲ့ ဆယ်ပုံတစ်ပုံ deci-bel (သို့တည်းမဟုတ်) dB နဲ့ ဖော်ပြပါတယ်။ ပါဝါနှစ်ခုရဲ့ အချိုးကို ညီမျှခြင်းမှာ ၁၀ နဲ့ မြှောက်ခြင်း အားဖြင့် တွက်ထုတ်ပြီးတော့ အသံဖိအား(SPL) နဲ့ ဗို့၊ လျှပ်စီးတွက်ထုတ်ရာမှာတော့ မြှောက်ဖော်ကိန်းကို ၂၀ ကို အသုံးပြုပါတယ်။
ပါဝါအချိုးကို dB နဲ့ ဖော်ပြဖို့အတွက် ညီမျှခြင်းက 10 x Log10 (power/reference power) ဒါမှမဟုတ် 10 x log10 (P/P0) ဖြစ်ပါတယ်။
အသံဖိအား (SPL)၊ ဗို့နဲ့ လျှပ်စီးအချိုး အတွက် dB နဲ့ ဖော်ပြတဲ့ ညီမျှခြင်းက 20 x log 10 (value/reference value) ဖြစ်ပါတယ်။
အသံဖိအား (SPL) အချိုးတွက်ချက်ရာမှာ အနိမ့်ဆုံး ကြားနိုင်တဲ့ အသံအဖြစ် 20 μPa (20 မိုက်ခရိုပါစကယ်) ကို 0dB SPL အနေနဲ့ အညွှန်းယူပါတယ်။ အသံဖိအားကို ရည်ညွှန်းချင်တာမို့ dB ဆိုတဲ့ ယူနစ်ရှေ့မှာ SPL ကို ထည့်ပေါင်းပေးတာ ဖြစ်ပေမဲ့လို့ ခုခေတ် ဆွေးနွေးမှု အများစုမှာ SPL ကို မဖြစ်မနေ ထည့်ရမယ်လို့တော့ မယူဆကြတော့ဘဲ dB ကိုပဲ အဓိက အသုံးပြုလာကြပါတယ်။
အညွှန်းကိန်း | dB |
1 μV | dB μV |
1mV | dB mV |
0.775 V | dBu |
1V | dBV |
20μPa | dB SPL |
အဖြောင့်သင်္ချာတွက်နည်းနဲ့ ဒက်ဆီဘယ် တို့ရဲ့ ဆက်စပ်မှုကို အောက်ပါအတိုင်း တွေ့နိုင်ပါတယ်။
Linear (အဖြောင့်တွက်) | Multiplication (အမြှောက်) | Division (အစား) | <1 | 1 | >1 | Negative |
dB | Addition (အပေါင်း) | Subtraction (အနှုတ်) | Negative | 0 | Positive | Not possible |
ဥပမာ ၁ – အမ်ပလီဖိုင်ယာတစ်လုံးဟာ 1mV input signal အတွက် output signal 1,000 mV ထုတ်ပေးတယ်ဆိုပါစို့။ ဆတိုးကိန်းဟာ အဆ တစ်ထောင် 1000:1 သို့မဟုတ် 20 x log (1,000/1) = +60dB ရှိတယ်လို့ ဆိုပါမယ်။
ဥပမာ ၂ – အသံထိန်း ကိရိယာ တစ်ခုဟာ ဗို့အားကို ဆယ်ပုံတစ်ပုံ လျှော့ချပေးနိုင်တယ်ဆိုကြပါစို့။ output နဲ့ input အချိုးက 0.1/1 =0.1 ဖြစ်တဲ့အတွက် dB နဲ့ ဖော်ပြရင် 20x log (0.1/1)= -20dB ရှိတယ်လို့ ဆိုပါမယ်။
ဥပမာ ၃ – ဥပမာ ၂ က အသံထိန်းကိရိယာ ကို ဥပမာ ၁ က အမ်ပလီဖိုင်ယာမှာ တပ်ခဲ့မယ်ဆိုရင် အဆတစ်ထောင် တိုးထားတဲ့ အမ်ပလီဖိုင်ယာ အထွက်ကို ဆယ်ပုံတစ်ပုံ လျှော့ချတာမို့ 1000 x 0.1 = 100 အဆတစ်ရာ တိုးတဲ့ ရလဒ်ကို dB နဲ့ဆိုရင် 60dB + (-20dB) = 40dB ရှိတယ်လို့ ဆိုနိုင်ပါတယ်။
Watt ကို အခြေခံ ဖော်ပြတဲ့ SPL ကို တွက်ထုတ်မယ်ဆိုရင်
စပီကာရဲ့ datasheet မှာ SPL ကို 1W/1m : 95dB လို့ဖော်ပြထားတယ် ဆိုပါစို့။ ဒီပြဆိုချက်ရဲ့ အဓိပ္ပာယ်က စပီကာကို 1 Watt power ပေးသွင်းတဲ့ အချိန်မှာ စပီကာကနေ တစ်မီတာ အကွာမှာ အသံဖိအား 95dB ထုတ်လုပ်ပေးနိုင်တယ်လို့ ဆိုတာ ဖြစ်ပါတယ်။ စပီကာရဲ့ ပါဝါကို တိုးမြှင့်ခြင်းအားဖြင့် SPL ဘယ်လောက်တိုးလာလည်းဆိုတာကို အောက်က ဇယားမှာ ဖော်ပြထားပါတယ်။
Power (W) | 1 | 2 | 5 | 6 | 10 | 15 | 20 | 30 | 50 | 100 |
Increase in the Sound Pressure Level(dB) | 0 | 3 | 7 | 8 | 10 | 12 | 13 | 15 | 17 | 20 |
ဇယားအရ 6Watt ပေးသွင်းတဲ့ခါ 95dB ကို 8dB ထပ်ပေါင်းပေးဖို့ လိုတယ်ဆိုတာ ဖော်ပြပါတယ်။ 6Watt ပေးသွင်းတဲ့ခါ စပီကာကနေ တစ်မီတာ အကွာမှာ 103 dB SPL ရရှိနိုင်တယ်လို့ ဆိုလိုပါတယ်။ ဒါကို တွက်ထုတ်ဖို့ အောက်ဖော်ပြပါ ညီမျှခြင်းကို အသုံးချနိုင်ပါတယ်။
p1 = pn + 10 x log (P)
p1 = သိလိုတဲ့ SPL (dB)
pn = Characteristic SPL (dB)
P = ပေးသွင်းတဲ့ ပါဝါ
ပေးသွင်း ပါဝါ နှစ်ဆတိုးတိုင်းမှာ 3dB SPL ထပ်တိုး ရရှိမှာ ဖြစ်ပါတယ်။
အကွာအဝေးကို အခြေခံပြီး SPL တွက်ထုတ်မယ်ဆိုရင်
စပီကာက ထုတ်လုပ်တဲ့ SPL ကို တစ်မီတာမှာ နားထောင်ဖို့ မဟုတ်ဘဲ ပိုပြီး ဝေးကွာတဲ့ အကွာအဝေး (၆မီတာ ဆိုပါစို့) မှာဆိုရင် SPL ဘယ်လောက် ထွက်မလည်း တွက်နည်းလည်း ရှိပါတယ်။
Distance (m) | 1 | 2 | 3 | 4 | 5 | 10 | 20 | 50 | 100 |
Decrease (dB SPL) | 0 | 6 | 9.5 | 12 | 14 | 20 | 26 | 34 | 40 |
အထက်မှာ တွက်ခဲ့တဲ့ ဥပမာကို ပြန်ပြောရရင် 103dB ရထားတဲ့ စပီကာကို ၅မီတာ အကွာမှာ ရှိနေမဲ့ dB ကို တွက်မယ်ဆိုရင် -14dB နှုတ်ရမှာ ဖြစ်တာမို့ 89 dB ကျန်ပါမယ်။ ဒါကို တွက်ထုတ်ဖို့ အောက်က ညီမျှခြင်းကို သုံးပါမယ်။
p=p1 – 20 log (d)
p = တွက်ထုတ်မဲ့ အကွာအဝေးမှာ ရှိမဲ့ SPL
d = distance
p1 = 1m distance မှာ ရှိတဲ့ SPL
အကွာအဝေး နှစ်ဆတိုးတိုင်း SPL က 6dB SPL လျော့သွားပါတယ်။
ပေးထားတဲ့ Power နဲ့ အကွာအဝေးက SPL ကို တွက်ထုတ်မယ်ဆိုရင်
အပေါ်က ညီမျှခြင်း ၂ ခုကို ပေါင်းလိုက်ရုံပါပဲ
p = pn + 10 log(P) -20 log (d)
p = သိချင်တဲ့ SPL
pn = Characteristic SPL (dB)
d = distance
p= supplied power
ဥပမာ အခန်းတစ်ခုမှာ စပီကာ တစ်လုံး တပ်မယ်ဆိုပါစို့။ နားဆင်သူများရှိတဲ့ နေရာက အဝေးဆုံး အကွာအဝေးက 8m ဆိုပါစို့။ စပီကာက 1W/1m မှာ SPL 90dB ရှိပြီး input power က 30W ရှိတယ်ဆိုပါစို့။ အဝေးဆုံး ၈မီတာမှာ SPL ဘယ်လောက်ထွက်မလည်း ဆိုတာကို
SPL = 90dB + 10 x log (30) – 20 x log (8)
= 90dB + 15dB – 18dB
= 87 dB
အပေါ်က ဇယာလေးအတိုင်း တွက်ထုတ်မယ်ဆိုရင်လည်း 8 meter ဆိုတာ 4m နဲ့ 2m ကို မြှောက်တာပဲ ဖြစ်တာမို့ အလျားအတိုင်းတွက်ရင် ဒက်ဆီဘယ် ၂ ခုကို ပေါင်းခြင်းနဲ့လည်း အဖြေရနိုင်ပါတယ်။
SPL = 90dB + 15dB ( at 30W) – 12dB (at 4m) – 6dB (at 2m)
အသံပမာဏ နှစ်ဆတိုးဖို့အတွက်ဆိုရင် Amplifier ရဲ့ ပါဝါ ၁၀ ဆမြှင့်တင်ဖို့ လိုပါတယ်။
ဒီအောက်မှာ ဖော်ပြထားတာကတော့ Ceiling Speaker တွေရဲ့ အသံပြတ်သားမှု အဆင့်အလိုက် အကွာအဝေးအလိုက် ရှိသင့်တဲ့ အနည်းဆုံး SPL တွေရဲ့ ရည်ညွှန်းဇယားဖြစ်ပါတယ်။
မျက်နှာကြက် အမြင့် (m) | 3 | 3.5 | 4 | 4.5 | 5 | 5.5 | 6 | |
အကောင်းဆုံး ကြည်လင်ပြတ်သားမှု | စပီကာအကြား အကွာအဝေး (m) | 2.3 | 3.1 | 3.8 | 4.6 | 5.4 | 6.1 | 6.9 |
အနည်းဆုံး dB (SPL) | 92 | 90 | 88 | 86 | 85 | 84 | 83 | |
အသင့်ဆုံး ကြည်လင်ပြတ်သားမှု | စပီကာအကြား အကွာအဝေး (m) | 3.6 | 4.8 | 6 | 7.2 | 8.3 | 9.5 | 10.7 |
အနည်းဆုံး dB (SPL) | 90 | 88 | 86 | 84 | 83 | 82 | 81 | |
နောက်ခံတီးလုံး (BGM) | စပီကာအကြား အကွာအဝေး (m) | 8.2 | 11 | 13.7 | 16.5 | 19.2 | 22 | 24.7 |
အနည်းဆုံး dB (SPL) | 85 | 82 | 81 | 79 | 78 | 76 | 75 |