Audio Visual ဆိုတာ ဘယ် ကိရိယာ ဘယ်စနစ်တွေကို အဓိက ရည်ညွှန်းတာပါလဲ။

အရုပ်၊ အသံ၊ အလင်းနဲ့ ပတ်သက်တဲ့ မည်သည့် ကိရိယာကို မဆို Audio Visual နည်းပညာဝင် ကိရိယာလို့ သတ်မှတ်နိုင်ပါတယ်။ Audio Visual လို့ အများအားဖြင့် သတ်မှတ်ကြတဲ့ ပစ္စည်းကိရိယာများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။ 

  • Amplifiers
  • Audio and lighting control systems
  • AV racks and cabinets
  • Computers
  • DJ equipment
  • Live streaming, video conferencing and presentation equipment (Webcams, microphones, camera, mixers, screens etc)
  • Lighting
  • Microphones
  • Mixers
  • PA systems
  • Projectors and projector screens
  • Speakers
  • Screens, interactive panels and display screens (LED/ LCD / Plasma)
  • Stage managers’ desks
  • TVs
  • Touch panels
  • Visual and audio design

Constant Voltage Line ဆိုတာဘာလဲ၊ Low Impedance System နဲ့ ဘာကွာလဲ၊ 

Constant Voltage System ဆိုတာ Speaker လိုင်းပေါ်မှာ တသမတ်တည်း DC Voltage တစ်ခု (70 သို့မဟုတ် 100) ကို ထုတ်လွှတ်ပြီး ၄င်း Line တလျှောက်မှာ Speaker အရေအတွက် အများအပြား တပ်ဆင်ပြီး အသံထုတ်လွှတ်တဲ့ စနစ် တစ်ခု ဖြစ်ပါတယ်။ အများအားဖြင့် အများပြည်သူ ကြေငြာချက်တွေ ထုတ်လွှင့်ကြေငြာတဲ့ Public Addressing System လို စနစ်တွေမှာ နေရာ အကျယ်အဝန်းများများကို ကြိုးရှည်ရှည်ဆွဲ၊ စပီကာ အရေအတွက် များများ တပ်ဆင်ဖို့ လိုတဲ့ခါ အသုံးများပါတယ်။

Low Impedance စနစ်ကတော့ အသံထွက် အရည်အသွေး ကောင်းကောင်း စနစ်များ တပ်ဆင်ဖို့ လိုတဲ့ခါ အသုံးပြုပြီး Volume နဲ့ Dynamic Range ကောင်းကောင်း လိုအပ်တဲ့ စနစ်တွေအတွက် အသုံးများပါတယ်။ ဧရိယာ ကျဉ်းကျဉ်းနဲ့ အသံထွက် ကောင်းကောင်း လိုအပ်တဲ့ခါ ကြိုးအရှည်နည်းနည်းနဲ့ ဆွဲပြီး တပ်ဆင်နိုင်တဲ့ စနစ်တွေမှာ အသုံးပြုကြတာများပါတယ်။

MATV, SMATV နဲ့ IPTV တို့ ဘာတူပြီး ဘာတွေကွာလဲ 

MATV ဆိုတာ Master Antenna Television စနစ်ရဲ့ အတိုကောက် အခေါ်အဝေါ်ဖြစ်ပါတယ်။ အိမ်ယာယူနစ်တွေ အများအပြား တစုတဝေးတည်း တည်ရှိတဲ့ ကန်ထရိုက်တိုက်တွေ၊ ကွန်ဒို မီနီယမ်တွေ၊ ဟိုတယ်တွေ၊ ဆေးရုံတွေ၊ အိမ်ယာစီမံကိန်းတွေမှာ တီဗီအလုံးရေ အများအပြား တပ်ဆင်ဖို့ လိုအပ်တဲ့ခါ တီဗီတစ်လုံးကို အန်တင်နာ တစ်ခုကျ အရေအတွက် အများအပြား တပ်ဆင်ရခြင်းဟာ ငွေကုန်ကြေးကျများခြင်း၊ ထိန်းသိမ်းရခက်ခြင်း၊ အဆောက်အဦးရဲ့ အမြင် ပသာဒကို ရုပ်ဆိုးစေခြင်း စတာတွေ ရှိတတ်တဲ့ အတွက် တီဗီအားလုံးအတွက် ဘုံလိုအပ်တဲ့ အန်တင်နာ အရေအတွက်ပဲ တပ်ဆင်ပြီး ကြိုးဆွဲစနစ်အားဖြင့် ရေဒီယိုလှိုင်းများ ခွဲဝေရရှိစေအောင် လုပ်ဆောင်ပေးတဲ့ စနစ် ဖြစ်ပါတယ်။ MATV ရဲ့ ရှေးဦး နည်းပညာ အဆင့်တစ်ခုက CATV လို့ခေါ်တဲ့ Community Antenna Television လို့ ခေါ်တဲ့ စနစ် ဖြစ်ပါတယ်။ အခပေး ရုပ်သံလိုင်းများ ထုတ်လွှင့်တဲ့ စနစ် ရှိတဲ့ နိုင်ငံများမှာ တီဗီလိုင်းများကို ရပ်ကွက်အလိုက်၊ အဆောက်အဦးအလိုက် ကြိုးဆွဲ စနစ်တည်ဆောက်ပြီး ထုတ်လွှင့်ဖြန့်ဝေပေးတဲ့ စနစ်ကနေ နည်းပညာ စတင်ခဲ့တာ ဖြစ်ပါတယ်။

တစ်ခန်းထက်ပိုတဲ့ အိမ်ယာစီမံကိန်းတွေမှာ အန်တင်နာတွေကို ဝေမျှသုံးစွဲဖို့ အတွက် Smart Master Antenna Television လို့ခေါ်တဲ့ SMATV စနစ်ကို အသုံးပြုပါတယ်။ SMATV က တီဗီချန်နယ် အရေအတွက်ကို ကန့်သတ်ထားတာ မရှိဘဲ Headend မှာ တပ်ဆင်ထားတဲ့ အန်တင်နာအမျိုးအစားအလိုက် သူနဲ့ ကိုက်ညီတဲ့ လိုင်းဖမ်းစက်ကို တပ်ဆင်ပြီး မိမိ ကြိုက်နှစ်သက်ရာ လိုင်းကို ဖမ်းယူကြည့်ရှုနိုင်ပါတယ်။ ဥပမာ Headend မှာ Ku Band Antenna တပ်ဆင်ထားရင် မိမိ အခန်းအတွက် Skynet Package ဝယ်ယူပြီး ဖမ်းယူကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ 

MATV စနစ်ကတော့ တိကျတဲ့ ချန်နယ် အရေအတွက် သတ်မှတ်ထားပြီး စနစ်အတွင်းမှာ ယင်းချန်နယ်အရေအတွက် ကိုသာလျှင် ဖမ်းယူကြည့်ရှုနိုင်တဲ့ စနစ်ဖြစ်ပါတယ်။ ဟိုတယ်၊ ဆေးရုံ၊ စားသောက်ဆိုင်လို နေရာများအတွက် MATV စနစ်ကို အသုံးများကြပါတယ်။ နည်းပညာတွေ မြင့်မားလာတာနဲ့ အမျှ ကြိုးမဲ့ စနစ်နဲ့ လွှင့်တဲ့ တီဗီချန်နယ်များသာ မက အင်တာနက်ပေါ်က လွှင့်တဲ့ Netflix တို့လို လိုင်းမျိုးပါ ထည့်သွင်း ပြသချင်တဲ့ခါ IPTV စနစ်ကို အသုံးပြုပါတယ်။ IPTV နဲ့ တွဲဖက် အသုံးပြုနိုင်ဖို့ Smart TV (ဒါမှမဟုတ်) Smart TV Receiver လိုအပ်မှာ ဖြစ်ပါတယ်။ 

Projector Screen မတပ်ဘဲ နံရံမှာ ဆေးသုတ်ပြီး projector တိုက်ရိုက်ထိုးရင်ရော ရလား။ 

Projector တစ်လုံးက ထုတ်လွှတ်တဲ့ အလင်းတောက်ပမှု၊ အရောင်အချိုးအစားကို ရုပ်ပုံ ကျရောက်စေတဲ့ Screen ပေါ်မှာ အရည်အသွေးအတိအကျ ပြန်လည် ထုတ်လုပ်ပေးနိုင်စေဖို့ အရေးကြီးပါတယ်။ Projector ရဲ့ ထုတ်လွှတ်တဲ့ အလင်းဟာ မျက်နှာပြင် တစ်ခုပေါ်မှာ ကျရောက်တဲ့ခါ အဲဒီ ကျရောက်တဲ့ မျက်နှာပြင်ရဲ့ အလင်းပြန်နိုင်စွမ်း ပမာဏပေါ်မူတည်ပြီး အရုပ်ထုတ်လုပ်နိုင်မှု အရည်အသွေး ကွာဟကြပါတယ်။ ဥပမာ ဆေးအဖြူသုတ်ထားတဲ့ အုတ်နံရံပေါ်က ဆေးအဖြူမျက်နှာပြင်ဟာ ကျရောက်လာတဲ့ အအလင်းတောက်ပမှုကို ဆွဲစုပ်တဲ့ သတ္တိရှိတာကြောင့် ကျရောက်တဲ့ အရောင်အချိုးအစားအတိုင်း အတိအကျ ပြန်လည်ထုတ်လုပ်နိုင်မှု မရှိပါဘူး။ အချို့ စာသင်ကြားတဲ့ Formica Whiteboard လိုမျိုး ပေါ်ကို projector တိုက်ရိုက်ထိုးတဲ့ခါကျတော့ Whiteboard က အလင်းပြန်နှုံး အလွန်များတာကြောင့် အရောင်မှန် မထွက်စေပါဘူး။ Projector Screen အဖြစ် ထုတ်လုပ်တဲ့ ပစ္စည်းရဲ့ အသားက အလင်းပြန်မှု ပမာဏ (၁) လို့ခေါ်တဲ့ အလင်းပြန်မှု၊ အလင်းစုပ်ယူမှု အရမ်းနည်းတဲ့ အသားမျိုး ဖြစ်တဲ့အတွက် projector က ထုတ်လွှတ်တဲ့ အလင်းအတိုင်း အနီးစပ်ဆုံး ပြန်လည်ထုတ်လုပ်ပေးနိုင်တာမို့ အကောင်းဆုံး ဖြစ်ပါတယ်။ နံရံပေါ်ကို တိုက်ရိုက် ထိုးပြရမဲ့ အခြေအနေမျိုးဆိုရင်တော့ အလင်းပြန်မှုနှုံး (၁) ရစေတဲ့ projector paint ဆိုတာကို သုတ်ဆေးရောင်းတဲ့ ဆိုင်တွေမှာ စုံစမ်းဝယ်ယူပြီး ရုပ်ပုံပေါ်မဲ့ အရွယ်အတိုင်း သုတ်လိမ်းပေးခြင်းအားဖြင့် Screen အတိုင်း အသုံးပြုနိုင်ပါတယ်။ 

Audio Signal Level ဘယ်နှစ်မျိုး ရှိသလဲ။ 

Audio Signal Level ၃ မျိုး ရှိပါတယ်။ Mic level လို့ခေါ်တဲ့ Microphone level၊ Line level နဲ့ Speaker Level တို့ ဖြစ်ကြပါတယ်။ Mic Level က Millivolt range (mV) ဖြစ်ပြီး၊ Line Level က 1 Volt ဝန်းကျင် range ဖြစ်ပါတယ်။ Speaker level ကတော့ 10V ဝန်းကျင် ဖြစ်ပါတယ်။ Instrument တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ရာမှာ ပေးပို့တဲ့ Equipment ရဲ့ Output Signal level နဲ့ လက်ခံတဲ့ Equipment ရဲ့ Input Signal Level ကိုက်ညီမှု ရှိဖို့ လိုအပ်ပါတယ်။ ချိတ်ဆက်တဲ့ equipment အချင်းချင်း ပေးပို့လက်ခံတဲ့ Signal level အချင်းချင်း ကိုက်ညီမှု ရှိမှသာလျှင် လိုချင်တဲ့ output result ရအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။