ကစားကွင်း၊ အပန်းဖြေစခန်းတွေကို သွားရောက်လည်ပတ်တဲ့ အခါမှာ ဘယ်လောက်ပဲ လှအောင် ပြင်ဆင်ထား ပြင်ဆင်ထား တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင် တစ်ခု ဖြစ်နေတယ် ဆိုရင် လာရောက်လည်ပတ်သူများရဲ့ စိတ်ထဲမှာ တစုံ တခု လိုနေသလို ခံစားရနိုင်ပါတယ်။ အဲဒီအတွက် ကစားကွင်း၊ အပန်းဖြေ စခန်းများ တည်ဆောက်ထားတဲ့ ဒီဇိုင်းကိုလိုက်ပြီးတော့ နောက်ခံတေးဂီတတွေ ထုတ်လွှင့်ဖွင့်လှစ်ထားကြပါတယ်။ တေးဂီတသည်ပင်လျှင် လူတို့ရဲ့ စိတ်ကို ပျော်ရွှင်စေတဲ့ အနုပညာတစ်ခု ဖြစ်တာနဲ့ အညီ အပန်းဖြေဖို့ လာရောက်ကြတဲ့ ဧည့်သည်များရဲ့ စိတ်ကို ကြည်နူးပျော်ရွှင်စေခြင်းအားဖြင့် ပိုမို ပျော်ရွှင်မှု ရရှိစေပြီး ကျေနပ်မှု ရရှိစေကာ နောက်နောင် အမြဲတစေ လာရောက် လည်ပတ်စေဖို့ ဆွဲဆောင်မှု တစ်ခုလည်း ဖြစ်စေပါတယ်။

ဘယ်လို သီချင်းမျိုး ဖွင့်ရမှာလည်း

တည်ဆောက်ထားတဲ့ အပန်းဖြေစခန်း ကစားကွင်းကို လိုက်ပြီး ဖွင့်လှစ်ချိန် တလျှောက် အချိန်နဲ့ လိုက်လျော ညီထွေ ဖြစ်တဲ့ ဂီတသံမျိုး ရွေးချယ် ဖွင့်လှစ်ဖို့လည်း လိုသလို ရောက်ရှိနေတဲ့ ရာသီဥတု နေ့ည အချိန်နဲ့ တပြေးညီ ဖွင့်လှစ်ဖို့လည်း လိုအပ်ပါတယ်။ ကြိုတင် ရွေးချယ်ထားတဲ့ သီချင်းအရေအတွက် အများကြီးထဲက အစဉ်အတိုင်း ဖွင့်ဖို့ Playlist ပုံစံမျိုး တည်ဆောက်ထားတတ်ကြသလို၊ ရံဖန်ရံခါမှာလည်း ကျပန်း Random အနေနဲ့ ဖွင့်လှစ်တတ်ကြပါတယ်။ အရမ်းရှည်လျားတဲ့ တီးလုံးတွေကို ဆက်တိုက် တစ်ကြိမ်ပြီး တစ်ကြိမ် ရစ်ပတ်ပြီး ဖွင့်တတ်တာမျိုးလည်း ရှိပါတယ်။ ခရစ်စမတ်လို၊ သင်္ကြန်လို ရာသီပွဲတော် အချိန်တွေ ရောက်တဲ့ခါကျရင် အဲဒီ အချိန်နဲ့ တိုက်ပြီး ကိုက်ညီတဲ့ သီချင်းတွေ ဖွင့်ပေးကြပါတယ်။

ဘယ်လို စပီကာမျိုးကို ရွေးရမှာလည်း

ကစားကွင်း ဖြစ်တာနဲ့ အညီ တပ်ဆင်တဲ့ စပီကာတွေဟာ ရာသီဥတုဒဏ်ကို ခံနိုင်ရည် ရှိတဲ့ စပီကာတွေ ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ တပ်ဆင်တဲ့ ကြိုးအမျိုးအစားဟာလည်း ရာသီဥတုနဲ့ ကြွက်စတဲ့ သတ္တဝါများရဲ့ ရန်က ကာကွယ်နိုင်စေဖို့ လိုအပ်တဲ့ အစီအမံများ ပြင်ဆင်ကြရပါတယ်။ စပီကာအမျိုးအစားနဲ့ အရေအတွက် ရွေးချယ်မှုက တပ်ဆင်တဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်ပါတယ်။ တည်ဆောက်တဲ့ ဒီဇိုင်းပုံစံထုတ်မှုရဲ့ အဓိက ရည်ရွယ်ချက်က တူညီမျှတတဲ့ အသံထွက် နေရာတိုင်းမှာ တပြေးညီ ရရှိစေရေးကို ဦးတည်တာမို့ အချို့နေရာတွေမှာ မြက်ခင်း သစ်ပင်တွေကြားထဲ တပ်ဆင်လို့ ရတဲ့ သဘာဝကျောက်တုံးပုံ အမြင်ဒီဇိုင်းရှိ စပီကာမျိုး ရွေးချယ်တတ်ကြပါတယ်။

အမ်ပလီဖိုင်ယာ အမျိုးအစားနဲ့ ကွန်ယက်

ဧရိယာကျယ်ကျယ် တည်ဆောက်ဖို့ လိုအပ်တဲ့အတွက် အများဆုံး အသုံးပြုကြတာ Volt Line လို့ ခေါ်တဲ့ 70/100 Speaker Distribution နည်းပညာကို အသုံးပြုတတ်ကြပါတယ်။ ဧရိယာ အကျယ်အဝန်းကိုလိုက်ပြီး သီချင်း စီမံခန့်ခွဲ ဖွင့်လှစ်ဖို့ နေရာ တစ်ခုထက် ပိုတတ်ပါတယ်။ Volt Line Distribution ကို အသုံးချတာမို့ သုံးစွဲတဲ့ စပီကာအမျိုးအစား၊ စပီကာမှာ ပါဝင်တဲ့ Transformer အမျိုးအစားကို လိုက်ပြီး Signal Drop ရှိတတ်တာမို့ ပုံစံထုတ်တဲ့အခါ သတိထားစဉ်းစားဖို့ လိုပါတယ်။ ဖွင့်လှစ်တဲ့ သီချင်း အမျိုးအစား တူတူ ဖြစ်မဲ့ နေရာ အဝန်းအဝိုင်းအလိုက်၊ တပ်ဆင်ထားတဲ့ စပီကာ အရေအတွက်အလိုက် Amplifier အရေအတွက်ကို ရွေးချယ် သတ်မှတ်ရတာဖြစ်ပြီးတော့ ဧရိယာ ကျယ်တဲ့ နေရာတွေမှာ Line Drop ကို သက်သာစေဖို့ တစ်ခုထက် ပိုတဲ့ Amplifier များတပ်ဆင်ရာ Equipment Rack နေရာများ ခွဲထားတတ်တာ တွေ့ရတတ်ပါတယ်။

သီချင်းကွန်ယက်

ရေကူးကန် ဝန်းကျင်လို နေရာမျိုးအတွက် ငြိမ့်ညောင်းသာယာတဲ့ သီချင်းမျိုး ရွေးချယ်ဖို့ လိုအပ်မှာ ဖြစ်သလို ကလေးကစားကွင်းလို နေရာမျိုးအတွက် သွက်လက်မြူးတူးတဲ့ သီချင်းအမျိုးအစားမျိုး ရွေးချယ်ဖို့ လိုပါတယ်။ ကစားကွင်း ဖွင့်လှစ်တဲ့ အချိန်ကို လိုက်ပြီးတော့ မနက် ၉ နာရီကနေ ည ၈ နာရီထိ နာရီအလိုက် သီချင်း အမျိုးအစား မတူအောင် အလှည့်မထပ်အောင် သီချင်းများ စီပေးရပါတယ်။ ဧည့်သည်များတဲ့ စနေ တနင်္ဂနွေလို နေ့မျိုးနဲ့ ဧည့်သည်ပါးတဲ့ ရုံးဖွင့်ရက်လို နေ့မျိုး မတူတဲ့ သီချင်း အမျိုးအစား အရေအတွက် ရွေးချယ်ပေးဖို့ လိုအပ်ပါတယ်။ အဲဒီအတွက် ကြီးမား ကျယ်ပြန့်တဲ့ ကစားကွင်းတွေမှာ ရက်သတ္တ တစ်ပတ်စာ ကြိုတင်ပြီး သီချင်း စီပေးထားပြီး ဖွင့်ချိန် ပိတ်ချိန်ကိုလည်း အချိန်မှတ် တိုင်မာစနစ်နဲ့ တကြိမ်တည်း တပ်ဆင်ထားပြီး လူထိန်းချုပ်မှု လိုအပ်ချက် လျှော့ချနိုင်အောင် လုပ်ဆောင်ပေးထားကြတတ်ပါတယ်။ မတူတဲ့ နေရာတွေမှာ ရှိတဲ့ Amplifier Rack တွေအတွက် မတူတဲ့ သီချင်းတွေကို အစီအစဉ်တကျ ဖွင့်လှစ်နိုင်ဖို့အတွက် Digital Signal Processor များကို တပ်ဆင် အသုံးပြုကြရပါတယ်။ အချို့သော Signal Processor တွေဆိုရင် တချိန်တည်းမှာ Zone ပေါင်း ၅၀၀ ကျော်အထိ တပြိုင်တည်း စီမံခန့်ခွဲဖွင့်လှစ် ပေးနိုင်တဲ့ အထိ အလုပ်လုပ်နိုင်ကြပါတယ်။ အပန်းဖြေစခန်း၊ ပန်းခြံ၊ ကစားကွင်း စတာတွေက ခုနစ်ရက် တစ်ပတ်လုံး ဆက်တိုက် ဖွင့်လှစ်အလုပ်လုပ်ကြရတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့အတွက် အကယ်၍များ ပင်မ ဗဟိုချက် Processing Center အကြောင်းမညီညွတ်လို့ ချို့ယွင်းချက်ရှိတဲ့ခါ လုပ်ငန်း ရပ်တန့်သွားခြင်း မရှိရအောင် Central Processing Rack ကို ၂ နေရာ ထားပြီး ပင်မ Command တစ်စုံတစ်ခု ချို့ယွင်းခဲ့ရင် အလုပ် ရပ်သွားခြင်း မရှိရအောင် လုပ်ဆောင်ကြရပါတယ်။ 

ပြုပြင်ထိန်းသိမ်းခြင်း

Background Music System တွေက အများအားဖြင့် ကြီးကြီးမားမား ပြင်ဆင်ထိန်းသိမ်းစရာ မလိုအပ်လောက်အောင် ပျက်ခဲကြပါတယ်။ အများအားဖြင့် သတိထားစရာက ပြင်ပ မိုးထဲလေထဲ ပစ်ထားရတဲ့ စပီကာများ၊ ပြေးဆွဲထားတဲ့ ကြိုးများအတွက် ပုံမှန် အသေးစား စစ်ဆေးကြည့်ရှုရုံလောက်သာ လိုအပ်တာ ဖြစ်ပါတယ်။ 

အရေးအကြီးဆုံးက 

Themed Park ဖြစ်ဖြစ်၊ Amusement Park ဖြစ်ဖြစ်၊ တိရစ္ဆာန်ရုံပဲ ဖြစ်ဖြစ် တပ်ဆင်မဲ့ ပတ်ဝန်းကျင် အနေအထားနဲ့ သင့်တော်တဲ့ အသံလွှမ်းခြုံမှု၊ တပ်ဆင်ပုံ အနေအထား စတာတွေနဲ့ ကိုက်ညီမဲ့ နည်းပညာ စတာတွေကို ရွေးချယ်ဖို့ အတွက် ဒီဇိုင်းပြု ပုံစံထုတ်တဲ့ နည်းပညာ အထောက်အကူပြု အဖွဲ့ကို ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်။ အချို့သော နေရာများမှာ နောက်ခံတီးလုံးဖွင့်လှစ်ရုံမက လိုအပ်လာရင် ဖျော်ဖြေပွဲ အသေးစား လုပ်ဆောင်နိုင်အောင်ထိ ထည့်သွင်း စဉ်းစားသင့်ပါတယ်။ အသင့်တော်ဆုံး နောက်ခံသီချင်းစနစ် တည်ဆောက်နိုင်ဖို့အတွက် ယခင်တပ်ဆင် တည်ဆောက်ဖူးတဲ့ အတွေ့အကြုံ ကောင်းကောင်းရှိတဲ့ နည်းပညာ အဖွဲ့ကို ရှာဖွေ ရွေးချယ်သင့်ပါတယ်။

အနှစ်ချုပ်အားဖြင့်

နည်းပညာ အကန့်အသတ် ရှိတဲ့ အချိန် တစ်ခုက Watt များများ ဖွင့်နိုင်တဲ့ Active Speaker တစ်စုံလောက်ကို USB Stick နဲ့ ထိုးပြီး သီချင်း ဖွင့်ရတဲ့ ပန်းခြံဖွင့်ရင် ထုတ် ပလပ်ထိုး၊ ပန်းခြံပိတ်ရင် ပလပ်ဖြုတ် ပြန်သိမ်း လုပ်ခဲ့ရတဲ့ အချိန် တစ်ခုကို အောင့်သက်သက် ဖြတ်သန်းခဲ့ရတဲ့ အချိန် တစ်ခု အားလုံး ကြုံဖူးကြပါတယ်။ အခုခါမှာ နည်းပညာအားဖြင့် အဆင့်မြင့်လာတာနဲ့ အမျှ မိမိရဲ့ လုပ်ငန်းလိုအပ်ချက်အတိုင်း ပုံစံကျနတဲ့ လုပ်ငန်း လုပ်ဆောင်နိုင်မှု ပိုမို ကောင်းမွန်တဲ့ အပန်းဖြေစခန်း၊ ကစားကွင်းသုံး နောက်ခံတီးလုံးဖွင့် စနစ်ကို စိတ်ကြိုက် ရွေးချယ် တည်ဆောက်နိုင်ကြပြီ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *